Active Citizens

Active Citizens  (တက်ကြွလှုပ်ရှားနိုင်ငံသားများ) သည် ပြည်သူတို့၏ ပါဝင်ဆင်နွှဲမှုနှင့် စေတနာ့ဝန်ထမ်း လုပ်ငန်းများမှတစ်ဆင့် ရပ်ရွာများ၏ စည်းလုံးညီညွှတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဖော်ဆောင်ရန် ကြိုးပမ်းသော အကျိုးအမြတ်အတွက် မရည်ရွယ်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ 

အစီအစဉ်စတင်ခဲ့သည့် ၂၀၀၉  ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိ မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၂၅ ခု နှင့်အတူ နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး ဖြစ်သည်။ အဆိုပါ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် facilitator စုစုပေါင်း ၄၆၈၈ ဦးနှင့် Active Citizens အရေအတွက်စုစုပေါင်း ၁၅၅၀၇၈ ဦးတို့အား သင်တန်းပေး လေ့ကျင့်ထားပြီးဖြစ်သည်။ ၄င်းတို့မှ လူမှုလုပ်ငန်းအစီအစဉ်ပေါင်း ၆၂၃၂ ခုအား အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး ဖြစ်သည်။

ဤအစီအစဉ်အား ဗြိတိသျှကောင်စီနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စီမံခန့်ခွဲပြီး ဒေသအဆင့်နှင့် ကမ္ဘာလုံးအဆင့် အဓွန့်ရှည်ဖွံ့ ဖြိုးရေး ဆောင်ရွက်ရာတွင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ 

ဤအစီအစဉ်သည် online လူမှုကွန်ယက်နှင့် နိုင်ငံတကာ လေ့လာရေးခရီးစဉ်များမှတစ်ဆင့် ယဉ်ကျေးမှုမတူညီ၊ နိုင်ငံဒေသမတူညီ၊ နိုင်ငံရေးအခြေအနေ၊ အယူအဆ မတူညီကြသည့် အစီအစဉ် ပါဝင်ဆင်နွှဲသူများအကြား ကူးလူးဆက်ဆံရေးကို အားပေးပါသည်။ 

မြန်မာနိုင်ငံတွင် Active Citizens အစီအစဉ်အား ၂၀၁၀ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ရပ်ရွာခေါင်းဆောင်များစုစုပေါင်း ၃၀၀၀ ကျော်နှင့် လက်တွဲဆောင်ရွက်ပြီး ဖြစ်သည်။ ဤအစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်များရှိ နေရာ ၃၀ ကျော်တွင် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

Active Citizens အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ပုံ


၁။ နိုင်ငံအဆင့် မဟာဗျူဟာ

နိုင်ငံအဆင့်အရေးကြီးသည့် ပြဿနာများအား သုတေသနပြု ဖော်ထုတ်သည်။ ဥပမာ တစ်ချို့နိုင်ငံများတွင် စာတတ်မြောက်မှုနှုန်းသည် အဓိက ပြဿနာဖြစ်နိုင်ပြီး တစ်ချို့နိုင်ငံများတွင် မူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသည် အရေးပေါ်ဖြေရှင်းရမည့် ပြဿနာ ဖြစ်နိုင် ပေသည်။ ထို့နောက် ဗြိတိသျှကောင်စီသည် သက်ဆိုင်ရာ နယ်ပယ်များရှိ အရပ်ဘက်အဖွဲ့အစည်း များ (အကောင်အထည်ဖော်ဆောင်ရေး မိတ်ဖက်အဖွဲ့အစည်း) များနှင့်ပူးပေါင်း၍ Active Citizens အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်သည်။

၂။ Facilitator အလုပ်ရုံသင်တန်း

အကောင်အထည်ဖော်ဆောင်ရေး မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ဒေသခံ facilitator များကို ရှာဖွေဖော်ထုတ်သည်။ ဤ facilitator များသည် အလုပ်ရုံသင်တန်းများ တက်ရောက်ပြီး အစီအစဉ်အကြောင်း လေ့လာသင်ယူပြီး အစီအစဉ်အား ဒေသတွင်း မည်ကဲ့သို့ အကောင်အထည် ဖော်နိုင်မည်ကို လေ့လာကြသည်။

၃။ အောက်ခြေဒေသများသို့ သွားရောက် သင်တန်းပေးခြင်း

အောက်ခြေဒေသအဆင့် facilitator များသည် အလုပ်ရုံသင်တန်းအား လိုအပ်သလို ပြင်ဆင်ပြီး မိမိတို့ဒေသရှိ Active Citizens များကို ထပ်ဆင့် သင်တန်းပေးသည်။ 

၎။ Facilitation

Active Citizens များသည် facilitator များနှင့် တိုင်ပင်ဆွေးနွေး၍ လူမှုလုပ်ငန်းအစီအစဉ်များကို စီစဉ် အကောင်အထည်ဖော်ကြသည်။ 

၅။ ကမ္ဘာတစ်ဝှမ်းလုံးနှင့်ချိတ်ဆက် လုပ်ကိုင်ခြင်း 

ဒေသအဆင့်လှုပ်ရှားဆောင်ရွက်လျက်ရှိသည့် Active Citizens များသည် အခြားနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်း၊ online portal များမှတစ်ဆင့် အတွေ့အကြုံများ၊ ဗဟုသုတများ ဖလှယ်ခြင်း၊ ကမ္ဘာ့နေရာအသီးသီးရှိ လူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် Active Citizens ကမ္ဘာ့ကွန်ယက်နှင့် ချိတ်ဆက် လှုပ်ရှား ကြသည်။

မိတ်ဖက်အဖွဲ့အစည်းများ

Active Citizens အစီအစဉ်အား မြန်မာနိုင်ငံရှိ EduLife ၊ Mote Oo Education ၊ Swe Tha Har Social Services ၊ Movement for Democratic Forces နှင့် PS Business School စသည့် မိတ်ဖက် အဖွဲ့အစည်းများမှ တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အစီအစဉ်၌ ပါဝင်သည့် Active Citizens များသည်လည်း စေတနာ့ဝန်ထမ်းအဖြစ် နာရီပေါင်းများစွာ လုပ်ကိုင်ကြသည်။ 

ယခုနှစ် Active Citizens အစီအစဉ်သည် လူထုပါဝင်လုပ်ရှားမှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် ကို အားကောင်းစေရန် ရည်ရွယ်သည်။ ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့ဖြစ်သည့် EduLife နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ကလေးမြို့နယ်နှင့် မြောင်းမြမြို့နယ်များတွင် Active Citizens အရေအတွက်စုစုပေါင်း ၂၄၀ အား လေ့ကျင့်သင်တန်းပေးလျက်ရှိပါသည်။ စီမံကိန်းကာလအတွင်း ကျွန်ုပ်တို့၏ Active Citizens များသည် လွှတ်တော်အမတ်များ၊ ဒေသခံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ၄င်းတို့၏ ရပ်ရွာဒေသအသီးသီးတွင် လူမှုလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် ကြမည်ဖြစ်ပါသည်။

EduLife

EduLife အဖွဲ့သည် ရပ်ရွာလူထုပညာပေးခြင်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည် ဆောင်ရွက်သည့် ကိုယ်ကျိုးမဖက်၊ဘက်လိုက်မှုကင်းရှင်းသည့် ပညာရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ အဖွဲ့၏ မျှော်မှန်းချက်မှာ မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်ရေး အလေ့အကျင့်များ၊ တန်ဖိုးများရှိသည့် ပညာတတ် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် ဖြစ်သည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူငယ်များနှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်လုပ်သားများအား တက်ကြွပြီး၊ အသိအမြင် ကြွယ်ဝသော၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် တာဝန်ယူနိုင်သော နိုင်ငံသားများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန်ဖြစ်သည်။ 

EduLife သည် ၂၀၁၃ ခုနှစ်မှစတင်၍ ဗြိတိသျှကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်လာခဲ့ပြီး ယခုနှစ်တွင် လူထုပါဝင်လုပ်ရှားမှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေတိုင်ဇေးရှင်း ဖြစ်စဉ်ကို အားကောင်းစေရန် ရည်ရွယ်၍ Active Citizens အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ကလေးမြို့နယ်နှင့် မြောင်းမြမြို့နယ်များတွင် Active Citizens အရေအတွက်စုစုပေါင်း ၂၄၀ အား လေ့ကျင့်သင်တန်းပေးလျက်ရှိပါသည်။

PS Business School

PS Business School သည် ပုဂ္ဂလိက ပညာရေး အင်စတီကျု တစ်ခုဖြစ်သည်။ ကျောင်းသူ/သား များအတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ၄င်းတို့၏ လူမှုတာဝန်များကို ထမ်းရွက်နိုင်ရန် ကူညီပေးခြင်းတို့မှတစ်ဆင့် ပိုမိုကောင်းမွန်သည့် သင်ယူရေး ပတ်ဝန်းကျင် ဖန်တီးပေးခြင်း၊ အတွေ့အကြုံများရနိုင်ရန် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းတို့ လုပ်ဆောင်သည်။ 

ဤကျောင်းအနေနှင့် မြန်မာနိုင်ငံ၌ ၂၀၁၀ ခုနှစ်တွင် ပထမဦးဆုံး Business Plan ပြိုင်ပွဲနှင့် ၂၀၁၃ ခုနှစ်တွင် Social Enterprise ပြိုင်ပွဲတို့ကို စီစဉ်ကျင်းပပေးခဲ့သည်။ နိုင်ငံတကာမှ University of Berkeley, USA၊ National University of Singapore စသည့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ Global Social Venture ပြိုင်ပွဲ စသည်ဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်လျက်ရှိသည်။ Youth to Social Enterprise Workshop 2012 နှင့် Social Innovation Youth Camp 2014  စသည့် အစီအစဉ်များအား ကျင်းပပြုလုပ်ပေးခဲ့သည်။ 

PS Business School သည် ၂၀၁၅ ခုနှစ်တွင် Active Citizens အစီအစဉ်အား လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း ဦးတည်ချက်ဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယနေ့အချိန်အထိ Myanmar Sustainable Business Conference 2016 စသည်ဖြင့် ပွဲများစီစဉ်ကျင်းပ၍ Active Citizens အယူအဆကို အခြေပြု၍ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများအကြောင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဒဂုံတက္ကသိုလ်

ဒဂုံတက္ကသိုလ်အား ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး အမျိုးသား တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ ပုံမှန် နေ့တက်သင်တန်းတက်ရောက်နေသည့် ကျောင်းသူ/သား ပေါင်း သုံးသောင်းသုံးထောင်ကျော်ရှိပြီး အဝေးသင်တက်ရောက်နေသည့် ကျောင်းသူ/သား ပေါင်း သုံးသောင်းခုနှစ်ထောင်ကျော်ရှိသည်။ သင်ကြားမှုအစီအစဉ်ပေါင်း ၂၈ ခုရှိပြီး သိပ္ပံနှင် ဝိဇ္ဇာတန်း ရိုးရိုးနှင့် မဟာဘွဲ့သင်တန်းများ တက်ရောက်နိုင်သည်။ 

ဒဂုံတက္ကသိုလ်သည် ၂၀၁၅ ခုနှစ်တွင် ဗြိတိသျှကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း  ဖြစ်လာခဲ့ပြီး Active Citizens အစီအစဉ်အား လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း ဦးတည်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဆရာ/မ ၁၀ ဦးအပြင် ဒဂုံတက္ကသိုလ်ကျောင်းသူ/သားများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသူ/သား များ သည် master facilitator သင်တန်းတက်ရောက်ခဲ့ပြီး ၄င်းတို့မှတစ်ဆင့် Active Citizen ဆင့်ပွားသင်တန်းများကို ပို့ချပေးခဲ့ကြသည်။ ကနဦး Active Citizens အစီအစဉ်မှနေ၍ Active Citizens အသင်း၊ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းအသင်း၊ ဒီဘိတ် (စကားရည်လုဝါသနာရှင်များ) အသင်း၊ စာဖတ် အသင်း၊ သွေးလှူအသင်းနှင့် ညှိနှိုင်းဆောင်ရွက်ရေးအသင်းစသည်ဖြင့် အသင်းပေါင်းများစွာ ပေါက်ဖွားလာခဲ့သည်။