တန်းတူညီမျှမှု၊ မတူကွဲပြားမှုနှင့် လူတိုင်းပေါင်းစည်းပါဝင်မှုတို့သည် အနုပညာ၊ လူမှုအဖွဲ့အစည်း၊ ပညာရေး၊ အင်္ဂလိပ်စာ သင်ကြားခြင်းနှင့် စာမေးပွဲများ စီမံပေးခြင်းစသည့် ကမ္ဘာတစ်ဝန်းရှိ British Council ၏ လုပ်ငန်းဆောင်တာများတွင် စဉ်ဆက်မပြတ်ထည့်သွင်းခဲ့သည့် အဓိကအကြောင်းအရာများဖြစ်သည်။ ကျွန်ုပ်တို့၏ စဦးဆောင်ရွက်လှုပ်ရှားမှုများသည် မတူကွဲပြားသော လူများကို အတူတကွစုစည်း၍ ၎င်းတို့အတွက် အဓိပ္ပာယ်ပြည့်ဝသော အတွေ့အကြုံများကို ရရှိစေကာ အားလုံးပေါင်းစည်းပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်စေပါသည်။  

မသန်စွမ်းသူများ၏ အနုပညာလက်ရာများသည် British Council ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်း အနုပညာရှင်များ၊ မသန်စွမ်းသူများ ဦးဆောင်သည့် ကုမ္ပဏီများ၊ လူတိုင်းပေါင်းစည်းပါဝင်နိုင်သော အနုပညာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နောင်လာနောက်သားများအတွက် ထားရစ်ခဲ့နိုင်မည့် အသွင်ကူးပြောင်းမှု မှတ်တိုင်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ 

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ကျွန်ုပ်တို့သည် UK နှင့် အာရှပစိဖိတ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများ၊ လက်တွဲလုပ်ဆောင်မှုများနှင့် စဦးဆောင်ရွက်လှုပ်ရှားမှုများထဲမှ အချို့ကို ဦးစားပေးဖော်ပြသွားပါမည်။  

  • နီပေါ
    မသန်စွမ်းသူ ဝင်ခွင့်လမ်းညွှန် စာရွက်စာတမ်း- စံနှုန်း သတ်မှတ်ချက်များ အလွန် 
    လွန်ခဲ့သည့် ငါးနှစ်အတွင်း British Council သည် လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ကိုယ်စားလှယ်ခန့်အပ်ခြင်းနှင့် ဗဟုသုတများ နှီးနှောဖလှယ်ခြင်းတို့မှတစ်ဆင့် မသန်စွမ်းသူကဏ္ဍ၏ ခေါင်းဆောင် Sagar Prasai နှင့် တွဲဖက်၍ အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ယခုနှစ် အောက်တိုဘာလတွင် Prasai သည် ပွဲတော်များနှင့် အနုပညာ ပရိုဂရမ်ဖန်တီးသူများအတွက် အသုံးပြုနိုင်သည့် တူးလ်ကစ်အသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ အထောက်အကူပြု အချက်အလက်အသစ်ဖြစ်သော "မသန်စွမ်းသူ ဝင်ခွင့်လမ်းညွှန် စာရွက်စာတမ်း- စံနှုန်း သတ်မှတ်ချက်များ အလွန်" သည် British Council နှင့် ပူးပေါင်းဆောင်ရွက်မှု၊ နီပေါနိုင်ငံရှိ အနုပညာပွဲတော်များနှင့် Unlimited Festival ကို တက်ရောက်ခဲ့သည့် Sagar ၏ အတွေ့အကြုံများမှ ရရှိလာသော သိသာထင်ရှားသည့် ရလဒ်တစ်ခုဖြစ်သည်။
  • တရုတ်
    ၅ ကြိမ်မြောက် UK-China မသန်စွမ်းသူများ၏ အနုပညာ ဖိုရမ်
    အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် British Council သည် ၅ ကြိမ်မြောက် UK-China မသန်စွမ်းသူများ၏ အနုပညာ ဖိုရမ်ကို ဦးစီး၍ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ် UK speaker များတွင် Birds of Paradise Theatre Company ၏ အနုပညာဒါရိုက်တာ Robert Softley Gale၊ Feng Ling Productions ၏ တည်ထောင်သူ Farooq Chaudhry၊ Royal Exchange Theatre ၏ ဒေသခံတွဲဖက်ဒါရိုက်တာ Nickie Miles-Wildin နှင့် သရုပ်ဆောင် Tommy Jessop တို့ ပါဝင်ပါသည်။ ဖိုရမ်သည် တရုတ်နှင့် UK တို့ကြား မသန်စွမ်းသူများ၏ အနုပညာလက်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်သည်။
  • ဗီယက်နမ်
    Our Place in Space တစ်လျှောက် လူတိုင်းပါဝင်နိုင်သည့် ခရီးစဉ်များUK/Viet Nam လုပ်ငန်းစဉ်ကာလ၏ 
    တစ်စိတ်တစ်ပိုင်းအဖြစ် 8km ကျယ်ဝန်းသည့် Our Place in Space ပြပွဲအခမ်းအနားတွင် နေအဖွဲ့အစည်းစနစ်ကို ဟနွိုင်းမြို့လယ်ခေါင်၌ ခင်းကျင်းပြသခဲ့သည်။ အနုပညာရှင် Oliver Jeffers နှင့် သိပ္ပံပညာရှင် ပရော်ဖက်ဆာ Stephen Smartt မှ ဒီဇိုင်းထုတ်ထားသည့် ချီးကျူးဖွယ်ရာ ရုပ်ထုတန်းကို ဂုဏ်ယူဝမ်းမြောက်စွာ လှည့်လည်ကြည့်ရှုခွင့်များ ပေးထားသောကြောင့် ပရိသတ်များစွာက ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာကို ကြည့်ရှုခံစားနိုင်ပါသည်။ အဆိုပါပွဲသည် STEAM အခြေပြု သင်ယူမှုနှင့် ဖြစ်ရပ်များပရိုဂရမ်ကိုလည်း ပံ့ပိုးပေးခဲ့ပြီး အများပြည်သူအား နေအဖွဲ့အစည်းစနစ်၏ အကြီးစား စကေးနမူနာပုံစံအား ထိတွေ့ခံစားနိုင်ရန် အခွင့်အလမ်းကို ပေးဆောင်ခဲ့ပါသည်။
  • အိန္ဒိယ
    "စွန့်ပစ်မြေ- ခရီးစဉ်"
    UK ၏ မသန်စွမ်းသူများ ဦးဆောင်သည့် ထိပ်တန်း ပြဇာတ်ရုံ ကုမ္ပဏီဖြစ်သော Jana Sanskrititi နှင့် Graeae တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် "စွန့်ပစ်မြေ- ခရီးစဉ်" ကို အိန္ဒိယ/UK လုပ်ငန်းစဉ်ကာလ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါထုတ်လုပ်ရေးနှင့်အတူ လှည့်လည်ဖျော်​ဖြေခဲ့သည်။ Sanjoy Ganguly၊ Jenny Sealey နှင့် Tim Wheeler တို့မှ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူး၍ Sanskrit epic Mahabharata နှင့် Tagore နှင့် TS Elliot တို့၏ အရေးအသားများကို ဖော်ဆောင်ခဲ့သည့် မသန်စွမ်းသူများ၏ အနုပညာလက်ရာများကို တင်ဆက်ခဲ့သည်။  အဆိုပါ ပြဇာတ်သည် Jana Sanskriti အတွက် မသန်စွမ်းအနုပညာရှင်များနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် မသန်စွမ်းသူများ ဦးဆောင်သည့် ပြဇာတ်တစ်ခုအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည်။
  • ဘင်္ဂလားဒေ့ရှ်
    "Noishobde '71" (တိတ်ဆိတ်ခြင်း '71) 
    Dhaka Theatre မှထုတ်လုပ်သည့် "Noishobde '71" သည် British Council မှ DARE (မသန်စွမ်းသူ အနုပညာလက်ရာများအား ပြန်လည်ဖော်ဆောင်အားပေးခြင်း) ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Ramesh Meyyappan မှ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပြီး မိနစ် ၃၀ ကြာမြင့်သည့် ဖျော်ဖြေမှုတွင် မသန်စွမ်းအနုပညာရှင် ၁၅ ဦး ပါဝင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာမှု ဇာတ်လမ်းကို အမူအရာများဖြင့် သရုပ်ဖော်ထားပါသည်။ DARE သည် ဘင်္ဂလားဒေ့ရှ်ရှိ မသန်စွမ်းမှုနှင့် အနုပညာကဏ္ဍတွင် ယုံကြည်မှုတိုးလာစေရန် ရည်ရွယ်ပြီး မသန်စွမ်းသူများအပေါ် အထင်အမြင်သေးမှုများကို စိန်ခေါ်ဖြေရှင်း၍ မသန်စွမ်းသူများ၏ အနုပညာလက်ရာအတွက် ရေရှည်တည်တံ့သော ပလက်ဖောင်းတစ်ခု ဖန်တီးရန် ရည်ရွယ်သည်။
  • သြစတြေးလျ
    World Pride 2023 ရှိ "The Dan Daw Show"
    Sydney WorldPride 2023 ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် British Council Australia က "The Dan Daw Show" ကို ပံ့ပိုးပေးခဲ့ပါသည်။ ထိုဖျော်ဖြေတင်ဆက်မှုတွင် အရှက်နှင့် ဂုဏ်သိက္ခာအကြား အားပြိုင်၍ အသက်ရှင်နေထိုင်ခြင်းအား ခင်းကျင်းပြသခဲ့ပြီး Dan Daw ၏ မိမိကိုယ်ကိုစိတ်ခွန်အားပေးသော ခရီးစဉ်ကို ဖော်ပြသည်။ Dan Daw Creative Projects သည် ပြဇာတ်နှင့် အကတို့အကြား ခြားနားမှုကို လျော့ပါးစေမည့် ဖျော်ဖြေတင်ဆက်မှုအသစ်များ ဖန်တီးရန်နှင့် လှည့်လည်တင်ဆက်ရန်အတွက် ကျယ်ပြန့်လာသည့် ကုမ္ပဏီများ၊ အနုပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သည့် မသန်စွမ်းသူဦးဆောင်သော ကုမ္ပဏီတစ်ခုဖြစ်သည်။
  • မလေးရှား
    ThinkCity ၏ Creative KL Urban Challenge တွင် finalist ဝင်ခဲ့သော IncluCity
    ၂၀၂၂ ခုနှစ်တွင် မလေးရှား NakSeni အနုပညာအဖွဲ့အစည်းမှ Armani Shahrin သည် Unlimited Festival အတွက် British Council ၏ ကိုယ်စားပြုအဖွဲ့တွင် ပါဝင်ခဲ့သည်။ ထိုအချိန်မှစ၍ ရရှိခဲ့သော ဤအတွေ့အကြုံများသည် workshop များနှင့် ပွဲများအပါအဝင် လူတိုင်းပေါင်းစည်းပါဝင်နိုင်သော ပရောဂျက်များစွာကို စတင်ရန် Shahrin ကို တွန်းအားပေးခဲ့သည်။ Shahrin မှပူးတွဲဖန်တီးထားသော IncluCity ပရောဂျက်သည် လန်ဒန်နှင့် စင်္ကာပူကဲ့သို့သော မြို့များအား မှီငြမ်းအတုယူ၍ ကွာလာလမ်ပူ (KL) တစ်လျှောက် လူသူမရွေး သွားလာနိုင်သောနေရာများဆိုင်ရာ စုပေါင်းမြေပုံတစ်ခုကို ရေးဆွဲရန် ရည်ရွယ်သည်။ IncluCity သည် ယခုအခါတွင် ThinkCity ၏ Creative KL Urban Challenge တွင် finalist ဖြစ်လာပြီး ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ပလက်ဖောင်းကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ ရည်ရွယ်ချက်မှာ မသန်စွမ်းသူများ အသိုက်အဝန်းအတွင်းသာမက မလေးရှားတစ်နိုင်ငံလုံးတွင်ပါ လူတိုင်းပေါင်းစည်းပါဝင်မှုကို အားပေးမြှင့်တင်ရန်ဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြောင်း ပိုမိုလေ့လာပါ 

ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (IDPWD) အတွက် ကုလသမဂ္ဂ၏ ဆောင်ပုဒ်မှာ- 'အားလုံးပေါင်းစည်းပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အသွင်ပြောင်းဖြေရှင်းနည်းများ- တန်းတူအခွင့်အရေးနှင့် သာတူညီမျှသောကမ္ဘာကို လှုံ့ဆော်ပေးသည့် ဆန်းသစ်တီထွင်မှုအခန်းကဏ္ဍ'။ ယခုနှင့် နောင်လာမည့် မျိုးဆက်သစ်တိုင်းအတွက် ပိုမို ရေရှည်တည်မြဲပြီး ခိုင်မာသော ကမ္ဘာကြီးကို တည်ဆောက်ရာတွင် စတင်လှုပ်ရှားပြီး ဆက်စပ်ဖြေရှင်းနည်းများကို ရှာဖွေရန် အချိန်တန်ပြီဟု နှိုးဆော်ပေးသည့် ဆောင်ပုဒ်ဖြစ်သည်။

မျှဝေပါ