By Exams Marketing Manager Zin Htet Aung

31 March 2026 - 16:07

မျှဝေပါ

From Application to Victory: My IELTS Prize Story
မှ မင်းသန့်ဟန် (IELTS Prize 2025 အနိုင်ရရှိသူ ၅ဦးမှ ၁ဦး)

ကျွန်တော် IELTS Prize ဆုကို လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့တာဟာ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ပုဂ္ဂိုလ်ရေးအရဆိုရင် ကိုယ့်ရဲ့ Comfort Zone ထဲကနေ ရုန်းထွက်ပြီး တိုးတက်ချင်တာကြောင့်ဖြစ်သလို၊ တစ်ဖက်မှာလည်း ကိုယ်ပိုင်အရည်အချင်း မြှင့်တင်မှုအတွက် လိုအပ်တဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းချင်တာကြောင့်လည်း ပါပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ စိန်ခေါ်မှုနှစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပြီး IELTS Prize ဆုကို ရရှိလိုက်တာဟာ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ် လိုက်သလိုပါပဲ။

အမှန်အတိုင်းပြောရရင် ကျွန်တော်အနေနဲ့ လျှောက်ထားမှုလုပ်ငန်းစဉ်က တော်တော်လေးကို ခက်ခဲပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုရိုက်ရတာနဲ့ ဗီဒီယိုတည်းဖြတ်ရတာမျိုးတွေကို သိပ်ပြီး အသားမကျတာကြောင့်ပါ။ ဒါပေမဲ့ IELTS စာမေးပွဲအတွက် ပြင်ဆင်ခဲ့တုန်းက အချိန်တွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာ၊ ကျရှုံးမှာကို ကြောက်တာနဲ့ မျှော်လင့်ချက်တွေကြားက ဖိအားတွေဟာ တော်တော်လေး ပြင်းထန်ခဲ့ပေမဲ့ ဒါဟာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆုရရှိကြောင်း ဂုဏ်ပြုလွှာအီးမေးလ် ရောက်လာတဲ့နေ့မှာတော့ ကျွန်တော်က ကျောင်းသားမိဘဆရာတွေ့ဆုံပွဲမှာ နိုင်ငံခြားသားဆရာတွေအတွက် စကားပြန်အဖြစ် စေတနာ့ဝန်ထမ်း လုပ်ပေးနေတာပါ။ စကားပြန်နေရင်း အချိန်ကြည့်ဖို့ ဖုန်းထုတ်ကြည့်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်ဟာ IELTS Prize ဆုရရှိသူ (၅) ဦးထဲက တစ်ဦးအဖြစ် ရွေးချယ်ခံရကြောင်း သိလိုက်ရပါတယ်။ အဲဒီအချိန်မှာတင် ဝမ်းသာလွန်းလို့ အိမ်သာထဲခေတ္တပြေးဝင်ပြီး အောင်ပွဲခံခဲ့ရသလို၊ အမေ့ဆီကိုလည်း ဖုန်းဆက်ပြီး သတင်းကောင်းပါးခဲ့ရပါသေးတယ်။

ဒီစာကိုဖတ်နေတဲ့သူတွေထဲမှာ အကြံဉာဏ် ဒါမှမဟုတ် စိတ်ဓာတ်ခွန်အား လိုချင်နေတဲ့ လူငယ်လေးတွေလည်း ပါဝင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြောချင်တဲ့ အဓိကစကားတစ်ခွန်းကတော့ ကိုယ်ပိုင်ဟန်အတိုင်း စစ်မှန်ပါစေ (Be Authentic) ဆိုတာပါပဲ။ ဗီဒီယိုတင်တဲ့အခါမှာ တခြားသူကို အတုမယူဘဲ ကိုယ်ပိုင်ဟန်နဲ့ တင်ပြပါ၊ ပြီးတော့ သင်ဘာကြောင့် ဒီဆုကို လိုချင်တာလဲဆိုတဲ့ ခိုင်မာတဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။ ကျွန်တော်ဆိုရင် ကြည့်ရတာ ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းအောင်လို့ ဗီဒီယိုထဲမှာ ကျွန်တော်ရဲ့ ကြက်တူရွေးလေး (Sun Conure) ကိုတောင် ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။

 

British Council IELTS Prize 2025 အကြောင်း

IELTS Prize သည် ဗြိတိသျှကောင်စီ မှ နှစ်စဉ်ကျင်းပပြုလုပ်သော ဗီဒီယိုပြိုင်ပွဲတစ်ခုဖြစ်သည်။ ယခုနှစ်တွင် ဗြိတိသျှကောင်စီ မှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ IELTS ဖြေဆိုသူများ အတွက် British Council IELTS Prize 2025 ကို ပြုလုပ်သွားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း ဗြိတိသျှကောင်စီ  တွင် IELTS ဖြေဆိုခဲ့သူများ၏ စာမေးပွဲအတွက်စွမ်းစွမ်းတမံ ပြင်ဆင်ခဲ့ပုံကို မျှဝေပေးဖို့အတွက် ပြိုင်ပွဲဝင်လျှောက်လွှာခေါ်ယူခဲ့ပါသည်။

ပြိုင်ပွဲဝင်များသည် မိမိတို့၏ ကိုယ်ပိုင် IELTS အတွေ့အကြုံများနှင့် ဤစာမေးပွဲက မိမိတို့၏ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) ပြည်ပသို့ ပြောင်းရွှေ့အခြေချရန် ရည်မှန်းချက်များအတွက် မည်ကဲ့သို့ အထောက်အကူပြုခဲ့ပုံကို မျှဝေပေးရန်ရည်ရွယ်ပါသည်။

ဤပြိုင်ပွဲအတွက် မြန်မာကျပ်ငွေ (၄,၅၀၀,၀၀၀)ကျပ် ငွေသားဆု (၅) ဆု နှင့် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ကျပ် တန်ဖိုးရှိ City Mart e-voucher (၅) ဆု တို့ ပါဝင်ပါသည်။

ပြိုင်ပွဲကို အဆင့် (၂) ဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားပါသည်။

  • အဆင့် (၁): ဗီဒီယို၏ ပါဝင်သည့်အချက်အလက် (Content) အရည်အသွေးနှင့် ဖန်တီးနိုင်စွမ်း (Creativity) အပေါ် အခြေခံ၍ အကဲဖြတ်ခြင်း။
  • အဆင့် (၂): စိတ်အားထက်သန်ဖွယ် ဖြစ်မှု (Inspiration)၊ ဆွဲဆောင်နိုင်မှု (Engagement level) နှင့် ဗီဒီယို၏ တင်ဆက်မှုကျိုးကြောင်းဆီလျော်မှု (Logic) အပေါ် အခြေခံ၍ အကဲဖြတ်ခြင်း။

ပြိုင်ပွဲဝင်ရန်အတွက် အသက် (၁၆) နှစ်နှင့်အထက် မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး ဗြိတိသျှကောင်စီတွင် IELTS (သို့မဟုတ်) IELTS for UKVI ဖြေဆိုထားသူ ဖြစ်ရမည်။ ထို့အပြင် အနည်းဆုံး ရမှတ် Overall နှင့် Individual Band Score 4.0 နှင့်အထက် ရရှိသူများသာ ပြိုင်ပွဲဝင်ခွင့်ပေးအပ်ခဲ့ပါသည်။