From Application to Victory: My IELTS Prize Story
မှ သွန်းသံသာ (IELTS Prize 2025 အနိုင်ရရှိသူ ၅ဦးမှ ၁ဦး)
ကျွန်မ IELTS Prize ဆုကို လျှောက်ထားခဲ့တဲ့ အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းလေး ပါပဲ။ အဓိက ရည်ရွယ်ချက်ကတော့ ဒီဆုကြေးငွေက ကျွန်မရဲ့ မိသားစုကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်လို့ပါ။ ဗြိတိသျှကောင်စီ မှာ IELTS စာမေးပွဲ ဖြေဆိုပြီးတဲ့နောက်၊ ဘန်ကောက်မှာ တက္ကသိုလ်တက်ဖို့ ကျွန်မ ပြင်ဆင်နေတဲ့အချိန်ပေါ့။ နိုင်ငံခြားမှာ ကျောင်းတက်ရတာ စရိတ်စက အရမ်းကြီးတဲ့အတွက် ကျွန်မရဲ့ မိဘတွေ၊ အထူးသဖြင့် ဖေဖေဟာ ငွေကြေးဆိုင်ရာ တာဝန်တွေကို အများကြီး ပုခုံးထမ်းရတော့မယ်ဆိုတာ ကျွန်မ သိနေပါတယ်။ အကယ်၍ ဒီဆုကို ရရှိခဲ့ရင် ဖေဖေ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အနည်းငယ်ပဲဖြစ်ဖြစ် လျှော့ချပေးနိုင်မယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့တင် ကျွန်မ ဒီဆုကို လျှောက်ထားဖို့ ခွန်အားတွေ ရခဲ့တာပါ။
လျှောက်ထားတဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ ကျွန်မဟာ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်မှု အပြည့်ထားခဲ့ပါတယ်။ ဗီဒီယိုအတွက် ဇာတ်ညွှန်း (Script) ရေးတာကနေ ရိုက်ကူးတာ၊ တည်းဖြတ်တာအထိ အစီအစဉ်တကျ ဂရုတစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မ လုံးဝ အလောမကြီးခဲ့ပါဘူး။ ကျွန်မရဲ့ IELTS ခရီးစဉ်နဲ့ ဒီလမ်းကြောင်းပေါ်မှာ ဗြိတိသျှကောင်စီ က ကျွန်မကို ဘယ်လိုတွေ ကူညီပေးခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မျှဝေချင်ခဲ့တာပါ။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပေမဲ့ လုပ်ငန်းစဉ်တစ်ခုချင်းစီကိုတော့ အလေးအနက်ထားပြီး အကောင်းဆုံးဖြစ်အောင် အားထုတ်ခဲ့ပါတယ်။
အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဗီဒီယိုဖန်တီးတဲ့အပိုင်းပါပဲ။ ဇာတ်ညွှန်းရေးရတာ အချိန်ပေးရသလို၊ လိုချင်တဲ့ ပုံစံရဖို့အတွက်လည်း အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရပါတယ်။ ဗီဒီယိုတည်းဖြတ်တဲ့အခါမှာလည်း စိတ်ရှည်ဖို့ တော်တော်လိုခဲ့ပါတယ်။ "ငါ့ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်မှာ လူတွေအများကြီး မြင်ပါ့မလား" ဆိုပြီး စိုးရိမ်ခဲ့တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့တာပေါ့။ ဒါပေမဲ့ ကြောက်ရွံ့နေမယ့်အစား အရည်အသွေးအကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့ပါတယ်။
IELTS Prize ဆုကို ရရှိလိုက်တာဟာ ငွေကြေးအရ အထောက်အပံ့ဖြစ်ရုံသာမက ကြိုးစားမှုတိုင်းက တန်ဖိုးတစ်ခုခုကို ယူဆောင်လာပေးတယ် ဆိုတဲ့ သင်ခန်းစာကိုလည်း သင်ပေးခဲ့ပါတယ်။ သင် ဆုမရရှိခဲ့ရင်တောင် အတွေ့အကြုံသစ်တွေကို ရရှိမှာ အသေအချာပါပဲ။ နောက်နှစ်တွေမှာ လျှောက်ထားမယ့်သူတွေကို ပေးချင်တဲ့ အကြံဉာဏ်ကတော့ ရိုးရိုးလေးပါပဲ "Be Authentic”။ သင့်ရဲ့ တကယ်ကြုံတွေ့ရတဲ့ အခြေနေမှန် အတွေ့အကြုံမှန်တွေ ကို ရိုးရိုးသားသား မျှဝေပါ၊ စကားကို ရှင်းရှင်းလင်းလင်း ပြောဆိုတင်ပြပါ၊ ဗီဒီယိုကိုလည်း ဂရုတစိုက်နဲ့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြည်ကြည်လင်လင်ဖြစ်ဖို့ ဂရုစိုက်ရိုက်ကူးပါ။ ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ သင့်မှာ ဘာ ဆုံးရှုံးမှုမှ ရှိမှာမဟုတ်ဘဲ ကောင်းမွန်တဲ့အတွေ့အကြုံအကျိုးကျေးဇူးတွေကိုသာ ရရှိမှာပါ။
British Council IELTS Prize 2025 အကြောင်း
IELTS Prize သည် ဗြိတိသျှကောင်စီ မှ နှစ်စဉ်ကျင်းပပြုလုပ်သော ဗီဒီယိုပြိုင်ပွဲတစ်ခုဖြစ်သည်။ ယခုနှစ်တွင် ဗြိတိသျှကောင်စီ မှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ IELTS ဖြေဆိုသူများ အတွက် British Council IELTS Prize 2025 ကို ပြုလုပ်သွားခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း ဗြိတိသျှကောင်စီ တွင် IELTS ဖြေဆိုခဲ့သူများ၏ စာမေးပွဲအတွက်စွမ်းစွမ်းတမံ ပြင်ဆင်ခဲ့ပုံကို မျှဝေပေးဖို့အတွက် ပြိုင်ပွဲဝင်လျှောက်လွှာခေါ်ယူခဲ့ပါသည်။
ပြိုင်ပွဲဝင်များသည် မိမိတို့၏ ကိုယ်ပိုင် IELTS အတွေ့အကြုံများနှင့် ဤစာမေးပွဲက မိမိတို့၏ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) ပြည်ပသို့ ပြောင်းရွှေ့အခြေချရန် ရည်မှန်းချက်များအတွက် မည်ကဲ့သို့ အထောက်အကူပြုခဲ့ပုံကို မျှဝေပေးရန်ရည်ရွယ်ပါသည်။
ဤပြိုင်ပွဲအတွက် မြန်မာကျပ်ငွေ (၄,၅၀၀,၀၀၀)ကျပ် ငွေသားဆု (၅) ဆု နှင့် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ကျပ် တန်ဖိုးရှိ City Mart e-voucher (၅) ဆု တို့ ပါဝင်ပါသည်။
ပြိုင်ပွဲကို အဆင့် (၂) ဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားပါသည်။
- အဆင့် (၁): ဗီဒီယို၏ ပါဝင်သည့်အချက်အလက် (Content) အရည်အသွေးနှင့် ဖန်တီးနိုင်စွမ်း (Creativity) အပေါ် အခြေခံ၍ အကဲဖြတ်ခြင်း။
- အဆင့် (၂): စိတ်အားထက်သန်ဖွယ် ဖြစ်မှု (Inspiration)၊ ဆွဲဆောင်နိုင်မှု (Engagement level) နှင့် ဗီဒီယို၏ တင်ဆက်မှုကျိုးကြောင်းဆီလျော်မှု (Logic) အပေါ် အခြေခံ၍ အကဲဖြတ်ခြင်း။
ပြိုင်ပွဲဝင်ရန်အတွက် အသက် (၁၆) နှစ်နှင့်အထက် မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး ဗြိတိသျှကောင်စီတွင် IELTS (သို့မဟုတ်) IELTS for UKVI ဖြေဆိုထားသူ ဖြစ်ရမည်။ ထို့အပြင် အနည်းဆုံး ရမှတ် Overall နှင့် Individual Band Score 4.0 နှင့်အထက် ရရှိသူများသာ ပြိုင်ပွဲဝင်ခွင့်ပေးအပ်ခဲ့ပါသည်။