သင့်ရဲ့ အဖွဲ့အစည်း/လုပ်ငန်းသည် လူမှုအကျိုးပြုသော ရလာဒ်များဖော်ဆောင်ရန် ဖွဲ့စည်းထားပါသလား။

အဆိုပါ သင်၏ ပန်းတိုင်သို့ရောက်ရှိရန်  စီးပွားရေးဆိုင်ရာနည်းလမ်းများကို အသုံးပြုနေပါသလား။ သို့ စီးပွားရေးဆိုင်ရာနည်းလမ်းများကို အသုံးပြုလိုပါသလား။

သင် (သို့) သင့်ရဲ့ အဖွဲ့အစည်း/လုပ်ငန်းကို လက်တွေ့ကျသော စီးပွားရေးဆိုင်ရာ အကြံဥာဏ်များ ရရှိနိုင်ရန်နှင့် ရေရှည်တည်တံ့သောလူမှုအကျိုးပြုသော ရလာဒ်များရရှိနိုင်ရန် အထောက်အပံ့များ ပေးနိုင်မည့် စီမံချက်တစ်ခုတွင် ပါဝင်လိုပါသလား။

ဒီမေးခွန်းတွေကို “ဟုတ်ကဲ့” “လုပ်ပေးချင်ပါတယ်” “စိတ်ဝင်စားပါတယ်” လို့ သင်ဖြေခဲ့မယ်ဆိုရင်တော့ ဗြိတိသျှကောင်စီရဲ့ လူမှုအကျိုးပြုစီးပွားရေး စွမ်းရည်မြှင့်တင်ခြင်း အစီအစဉ်သည် သင့်အတွက် ဖြစ်နိုင်ပါသည်။

စီမံချက်၏ အကြောင်း

ဤအစီအစဉ်သည် ဗြိတိသျှကောင်စီ၏ရံပုံငွေဖြင့်  လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ - (စီးပွားရေးဆိုင်ရာ နည်းလမ်းများကို အသုံးပြု၍လူမှုအကျိုးပြုသော ရလာဒ်များ၊ မျှော်မှန်းချက်များ ဖော်ဆောင်နေသော အဖွဲ့အစည်းများ)ကို   အကူအညီပေးလိုသော ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ထားသော အစီအစဉ်ဖြစ်ပါသည်။ 

ဤအစီအစဉ်သည် Challenges Worldwide ဟု အမည်တွင်၍ အလှူရှင်အဖွဲ့အစည်း (သို့) အသေးစားစီးပွားရေးလုပ်ငန်းများကို အကူအညီပေးနေသော လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများကို ရှေ့ဆောင်လမ်းပြနေသော မိတ်ဖက်အဖွဲ့အစည်း နှင့် အတူတကွ အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။

ဤအစီအစဉ်သည် အတွေ့အကြုံပြည့်ဝသော Challenges Worldwide International Business Associate မှ ဦးဆောင်ထားသော ဒေသတွင်းရှိ အလုပ်သင် မြန်မာစီးပွားရေးအကြံပေး အဖွဲ့မှ သင် သို့ သင့်အဖွဲ့အစည်းအား အကြံပေးသုံးသပ်မှုများပြုလုပ်ပေးမည့် အခွင့်အရေးဖြစ်ပါသည်။ လျှို့ဝှက်မှုကို ထိန်းသိမ်းပေးထားမည့် ဆန်းစစ်ချက် အစီရင်ခံစာကို  သင် (သို့) သင့်အဖွဲ့အစည်း မှလက်ခံရရှိမည်ဖြစ်ပါသည်။  ဆန်းစစ်ချက်မှ တွေ့ရှိချက်များကို ဖော်ထုတ်ပြီးသောအခါ မိမိ အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုဖြင့် လူမှုအကျိုးပြုသော ရလာဒ်များ ဖော်ဆောင်ရန်အတွက်လည်း အထက်ဖော်ပြပါအဖွဲ့နှင့် (၃)လတာ လုပ်ငန်းလုပ်ဆောင်နိုင်ရန် အခွင့်အလမ်းလည်း ရရှိမည်ဖြစ်ပါသည်။

လျှောက်ထားနိုင်မည့် အဖွဲ့အစည်းများ

၁။ မိမိအဖွဲ့အစည်း၏ အဓိပ္ပါယ်ဖွင့်ဆိုမှုသည် အရေးမကြီးပါ။ အဖွဲ့အစည်းသည် အကျိုးအမြတ်ရယူနေသော ကုမ္ပဏီတစ်ခု၊ အစိုးရမဟုတ်သော အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု သို့ သင်တန်းစင်တာ တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အရေးအကြီးဆုံးကတော့ သင့်အဖွဲ့အစည်းသည် လူမှုအကျိုးပြုသော ရလာဒ်များကို အဓိကဖော်ဆောင်ရန် ရပ်တည်နေဖို့ဖြစ်ပါတယ်။ 

၂။ သင့်အဖွဲ့အစည်းသည်  စီးပွားရေးဆိုင်ရာနည်းလမ်းများကို အသုံးပြု၍ လူမှုအကျိုးပြုသော ရလာဒ်များကို ဆောင်ကျဉ်းပေးနေရပါမည်။ ကုန်ပစ္စည်း  ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်းဖြင့် လူ့အဖွဲ့အစည်းမှ လွတ်ထွက်နေသော လူအုပ်စုတစ်ခုကို အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ခြင်း   (သို့) သင်ရောင်းချသော ကုန်ပစ္စည်း၊ သင်ပေးလိုက်သောဝန်ဆောင်မှုက လူမှုအကျိုးပြုသော ရလာဒ်များပေးနိုင်ခြင်းတို့ ဖြစ်နေနိုင်ပါသည်။ စီးပွားရေးဆိုင်ရာနည်းလမ်းများကို အသုံးမပြုနေသော်လည်း ထိုကဲ့သို့ အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိပါကလည်း လျှောက်ထားနိုင်ပါသည်။ စီးပွားရေးဆိုင်ရာနည်းလမ်းများကို မိမိအဖွဲ့အစည်းတွင် မည်သို့အသုံးပြုမည်ကိုမူ ရှင်းလင်းရေးသား ဖော်ပြရမည်ဖြစ်ပါသည်။ 

စိတ်ပါဝင်စားသည့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများအနေဖြင့် လျှောက်လွှာများကို အောက်တွင် download ရယူနိုင်ပြီး ဧပြီလ (၃) ရက် (တနင်္လာနေ့) နောက်ဆုံးထားပြီး ‘Expression of Interest’ ကို မခိုင်သီဟဖူး (KhineThiha.Phoo@mm.britishcouncil.org) ဆီသို့ လျှောက်ထားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ဝ၁- ၃၇ဝ၉၃၃ (လိုင်းခွဲနံပါတ် ၃၃၆၅ သို့မဟုတ် ၃၃၂၃) ကို အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

ဗြိတိသျှကောင်စီ၏ အပြည်ပြည်ဆိုင်ရာ လူမှုစီးပွားရေးပရိုဂရမ် ( Skills for Social Entrepreneur Programme)

Skills for Social Entrepreneurs (SfSE) သည် ဗြိတိသျှကောင်စီနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ အကောင်အထည်ဖော်လုပ်ဆောင်နေသော ပညာရေးအစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်သည် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်လိုအဎ်ချက်များကို ပြေလည်စေရန်နှင့် လူ့အဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်စေရန်အတွက် စီးပွားရေးစီမံမှုရှုထောင့်မှ ချဉ်းကပ်ကာလုပ်ဆောင်နေသော လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ(Social Enterprises) ကို အကျိုးပြုရန် ရည်ရွယ်ပါသည်။ 

SfSE သည် လူမှုစီပွားရေးဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာရန် ဆန္ဒ္ဒပြင်းပြသူများ၊ လက်တွေ့လုပ်ဆောင်လိုသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်နေသူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ဆောင် နေသောသူများ နှင့် လူငယ်လူရွယ်များကို အရည်အသွေးမြှင့်တင်မွန်းမံသင်တန်းများပေးခြင်းဖြင့် အောင်မြင်သော လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများတည်ထောင်နိုင်ရန် ထောက်ပံ့ပေးနေသော အစီအစဉ်ဖြစ်ပါသည်။ ထို့အပြင် ယူကေမှ ပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာကွန်ရက်နှင့် ပေါင်းကူးပေးခြင်း၊ Funding ရယူနိုင်မည့် အခွင့်အလမ်းကို ချိတ်ဆက်ပေးခြင်းဖြင့် ပံ့ပိုးပေးနေပါသည်။

Find out more.

Challenges World Wide အကြောင်း

Challenges World Wide ဟုဆိုရာတွင် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ၊ ချို့ငဲ့သူများကို အကူအညီပေးသောအဖွဲ့အစည်းများကို ရှေ့ဆောင်လမ်းပြနေသောအဖွဲ့အစည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ဝင်ငွေနည်းပါးသောနိုင်ငံများရှိ စွန့်ဦးတီထွင်သူများ၊ လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းများကို အရည်အသွေးနှင့် စွမ်းဆောင်ရည်များအားကောင်းလာစေရေး မြှင့်တင်ပံ့ပိုးပေးခြင်းဖြင့် ဆင်းရဲမွဲတေမှုများကို တိုက်ဖျက်ရန်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်ကို စီးပွားရေးတိုးတက်မှု၊ လူမှုအကျိုးဖြစ်ထွန်းမှုများကို အထောက်အပံ့ ဖြစ်စေနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။

မျှဝေပါ