By Exams Marketing Manager Zin Htet Aung

09 December 2025 - 15:04

မျှဝေပါ

British Council IELTS Prize 2025 ကို မိတ်ဆက်ပေးလိုက်ရပါသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက် — မြန်မာနိုင်ငံမှ IELTS Prize 2025 ဆုရရှိသူများကို ကြေညာခွင့်ရသည့်အတွက် ဗြိတိသျှကောင်စီ အနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။

International English Language Testing System (IELTS) သည် အဆင့်မြင့်ပညာရေးနှင့် နိုင်ငံတကာတွင် သွားရောက်လုပ်ကိုင်နေထိုင်လိုသူများအတွက် ကမ္ဘာအနှံ့ အသိအမှတ်ပြုထားသည့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဗြိတိသျှကောင်စီ သည် ဤ IELTS Prize အစီအစဉ်မှတစ်ဆင့် စာမေးပွဲဖြေဆိုသူများ၏ ပြင်ဆင်ကြိုးစားမှုများမှသည် အဆင့်မြင့်ပညာရေးကို ဆက်လက်ဆည်းပူးခြင်း၊ ပြည်ပတွင် အသက်မွေးဝမ်းကျောင်းပြုခြင်း သို့မဟုတ် နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းများ ရယူခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်များဆီသို့ ရောက်ရှိအောင်မြင်လာသည်အထိ ၎င်းတို့၏ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှု ခရီးစဉ်များကို ဖော်ပြပေးထားသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်ဖြင့် ဗြိတိသျှကောင်စီ သည် စာမေးပွဲဖြေဆိုသူများ၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်ဖြတ်လိုစိတ်ရှိသူများအတွက် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ရည်မှန်းချက်ကြီးမားသည့် လူငယ်များအနေဖြင့် ကမ္ဘာ့အဆင့်မီ ပညာရေးကို ဆည်းပူးနိုင်ရန်နှင့် အသိပညာနယ်ပယ်သစ်များကို ချဲ့ထွင်နိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန် ဆုရရှိသူ တစ်ဦးစီသည် အင်္ဂလိပ်စကားပြော တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ကြားနိုင်ရန် ကျောင်းလခအတွက် မြန်မာငွေ ကျပ် ၄,၅၀၀,၀၀၀ (၄၅ သိန်း) ကို ရရှိမည်ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတို့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့အတွင်း ဗြိတိသျှကောင်စီ တွင် IELTS ဖြေဆိုခဲ့သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ လျှောက်ထားသူများသည် (၂)မိနစ်စာ ဗီဒီယိုအတိုများနှင့် စာစီစာကုံးများမှတစ်ဆင့် ၎င်းတို့၏ IELTS အောင်မြင်မှုပုံရိပ်များ၊ စိန်ခေါ်မှုများကို ကျော်ဖြတ်ပုံများနှင့် နိုင်ငံတကာအခွင့်အလမ်းများအတွက် ပြင်ဆင်ပုံများကို မျှဝေခဲ့ကြပါသည်။

အစီအစဉ်အတွင်း ရွေးချယ်မှုအဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက် နိုင်ငံတစ်နိုင်ငံစီမှ ဆုရရှိသူ (၅) ဦးစီကို ရွေးချယ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဆုရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • အေးချမ်းသာ
  • မျိုးမင်းခန့်
  • မင်းသန့်ဟန်
  • သွန်းသံသာ
  • ဇွဲမွန်အောင်မျိုးစော

ဗြိတိသျှကောင်စီ (မြန်မာ) ၏ Country Director ဖြစ်သူ Helen Sykes က ယခုကဲ့သို့ ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

"ယခုနှစ် မြန်မာနိုင်ငံက ထူးချွန်ထက်မြက်တဲ့ IELTS Prize ဆုရှင်များဖြစ်ကြတဲ့ မအေးချမ်းသာ၊ မောင်မျိုးမင်းခန့်၊ မောင်မင်းသန့်ဟန်၊ မသွန်းသံသာ နှင့် မောင်ဇွဲမွန်အောင်မျိုးစော တို့ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။ ပြိုင်ပွဲဝင်သူတစ်ဦးစီတိုင်းက မိမိတို့ရဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အိပ်မက်များကို အကောင်အထည်ဖော်ရာမှာ ထူးခြားပြောင်မြောက်တဲ့ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုကို ပြသခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။

IELTS Prize ဟာ အခြေအနေအရပ်ရပ်က စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေသည့်တိုင် ရည်မှန်းချက်ပန်းတိုင်ကို မမှိတ်မသုန် လျှောက်လှမ်းသူများအား အသိအမှတ်ပြုရန် ရည်ရွယ်ပါတယ်။ ယခုနှစ်မှာ သင်ယူလေ့လာသူအများအပြားက ၂၀၂၅ ခုနှစ်၊ မတ်လမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဒဏ်နဲ့ နိုင်ငံတစ်ဝန်းရှိ အခြားသော အခက်အခဲကျပ်တည်းမှုများအပါအဝင် မမျှော်လင့်ထားတဲ့ အခက်အခဲများကို ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့သော်လည်း အားလုံးရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သန္နိဋ္ဌာန်ချထားမှုတို့က မရေရာသောကာလတွေမှာ ရည်မှန်းချက်အပြည်နဲ့ လျှောက်လှမ်းနေကြတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ 

နိုင်ငံတကာ အခွင့်အလမ်းများဆီကို လျှောက်လှမ်းခြင်း၊ ပြည်ပအတွေ့အကြုံများ ရှာဖွေခြင်း သို့မဟုတ် တိုးတက်မှုအတွက် အတွေ့အကြုံအသစ်များကို ဖော်ထုတ်ခြင်း စတဲ့ သင်ယူလေ့လာသူများရဲ့ ရည်မှန်းချက်များကို ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ကျွန်မတို့အနေနဲ့ ဂုဏ်ယူမိပါသည်။ ဗြိတိသျှကောင်စီ အနေနဲ့ ကျွန်မတို့ဟာ စာမေးပွဲဖြေဆိုသူများ ၎င်းတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိစေရန် ယုံကြည်စိတ်ချရတဲ့ ပံ့ပိုးကူညီမှုများနဲ့ အကျိုးရှိစေမယ့် စာမေးပွဲပြင်ဆင်မှု လေ့ကျင့်ခန်းများ ကို ပံ့ပိုးပေးလျက်ရှိပါတယ်။"

IELTS Prize ဆုရှင် (၅) ဦးထဲမှ တစ်ဦးဖြစ်သူ မောင်မင်းသန့်ဟန် ကလည်း အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

"ကျွန်တော့်ရဲ့ ပြဿနာကတော့ ရှက်တတ်တာပါပဲ။ လူကြားထဲ စကားပြောရမှာကို မုန်းပြီး အမြဲတမ်း လူတွေနဲ့ဝေးရာကို ရှောင်ဖယ်နေတတ်သူပါ။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ ဒါဟာ သူတစ်ပါးရဲ့ နေရာကို လုယူဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသနိုင်ဖို့ဆိုတာကို သဘောပေါက်လာပါတယ်။ ဒါပေမဲ့ လုံးဝ အနေအေးတဲ့ စရိုက်ကနေ သူစိမ်းတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောရဲတဲ့ အခြေအနေတစ်ခုကို ပြောင်းလဲဖို့ဆိုတာ အချိန်တစ်ခုတော့ ယူခဲ့ရပါတယ်။ အဲဒီအချိန်တွေမှာ ဗြိတိသျှကောင်စီ က Young Learner Exams (YLE) နဲ့ IELTS စာမေးပွဲတွေ ဖြေဆိုရင်း အပြောင်းအလဲတွေ စတင်ခဲ့ပါတယ်။ ဒီစာမေးပွဲတွေရဲ့ စကားပြောအပိုင်း (Speaking) လေ့ကျင့်ခန်းတွေက ကျွန်တော့်ကို ပိုပြီး ပြောရဲဆိုရဲရှိအောင် တွန်းအားပေးခဲ့ပြီး ဒီအရာတွေကြောင့်ပဲ ကျွန်တော့်ရဲ့ အရင်က ရှက်တတ်တဲ့ အကျင့်ဟောင်းကြီး ပျောက်သွားခဲ့တာလို့ ယုံကြည်ပါတယ်"

ဗြိတိသျှကောင်စီ အကြောင်း

ဗြိတိသျှကောင်စီ သည် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယူကေနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ ပြည်သူများအကြား ချိတ်ဆက်မှုများ၊ နားလည်မှုများနှင့် ယုံကြည်မှုများကို တည်ဆောက်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ပံ့ပိုးကူညီပါသည်။ အနုပညာနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် အင်္ဂလိပ်ဘာသာစကား နယ်ပယ်များရှိ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများမှတစ်ဆင့် ဤရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်မှ လူများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပြီး ၂၀၂၄-၂၅ ခုနှစ်အတွင်း လူဦးရေ သန်း ၆၀၀ အထိ တိုးမြှင့်လက်တွဲလုပ်ဆောင်နိုင်ခဲ့ပါသည်။ 

www.britishcouncil.org

ထပ်မံသိရှိလိုပါက

Zin Htet Aung
zinhtet.aung@britishcouncil.org