နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် လူမှု့စီးပွားနည်းလမ်းသစ်များ ဆန်းသစ်တီထွင်ဦးဆောင်သူ ပါမောက္ခ မိုဟာမက် ယူနု(စ်)သည် ဗြိတိသျှကောင်စီ၏ ဧည့်သည်အဖြစ် ၂၀၁၄ ခု၊ ဇူလိုင်လ (၁၉) ရက်မှ (၂၂) ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပါသည်။ ဤနိုင်ငံသို့ သူ၏ ပထမဆုံး လာရောက်လည်ပတ်မှုသည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများမှ မည်သည့်အရေးပါသောကဏ္ဍတွင် ပါဝင်ကူညီနိုင်သည်ကို မီးမောင်းထိုးပြသရန် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့ပါသည်။
ဇူလိုင်လ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီတွင် စီးပွားရေးနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း နှစ်ရပ်လုံးကို ကိုယ်စားပြုသည့် ရွေးချယ်ထားသော ခေါင်းဆောင်တစ်ခုအား တွေ့ဆုံရာတွင် ပါမောက္ခယူနု(စ်) က ဤသို့ဖော်ပြခဲ့ပါသည်။ “မြန်မာနိုင်ငံ၏ လူမှုစိတ်ဓာတ်ရှိသော စီးပွားလုပ်ငန်းများ၏ အနာဂတ် အလားအလာများနဲ့ စွမ်းရည်နှင့် ပတ်သက်၍ ပြောဆိုပေးဖို့ ဖိတ်ခေါ်ခြင်းခံရတာကို အလွန်ဝမ်းသာပါတယ်။ အစိုးရ၊ ကုမ္ပဏီများနှင့် ဖောင်ဒေးရှင်း အဖွဲ့များသာမက လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့်လည်း လူမှုစီးပွားရေးလုပ်ငန်းများကို စတင်နိုင်ပြီး ၎င်းတို့ ဖြေရှင်းလိုသော လူမှုပြဿနာတစ်ရပ်အား ဖြေရှင်းရာတွင် ပါဝင် ပတ်သက်နိုင်ကြပါတယ်”
အလည်အပတ်ရောက်ရှိသည့် ဒုတိယနေ့တွင် ပါမောက္ခယူနု(စ်)သည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ဖိတ်ကြားပေးသော အဆင့်မြင့် အစိုးရအရာရှိ အဖွဲ့တစ်ဖွဲ့သို့ စကားပြောခဲ့ပါသည်။ ဤ နေပြည်တော်တွေ့ဆုံပွဲသည် အစိုးရအရာရှိများနှင့် လွှတ်တော် ကိုယ်စားလှယ်များအတွက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးရလာဒ်များအား မြှင့်တင်နိုင်မည့် နည်းလမ်းများအား စူးစမ်းလေ့လာနိုင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့ပါသည်။
ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် လက်တွဲကာ လူမှုစီးပွားရေးလုပ်ငန်းများ မြှင့်တင်အားပေးရန် နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လူမှု အကျိုးသက်ရောက်မှုကို အမြင့်မားဆုံး မြှင့်တင်နိုင်စွမ်းရှိသည့် ပတ်ဝန်းကျင်တစ်ခု မည်သို့ တည်ဆောက်ရမည်ကို အစိုးရအရာရှိများ ပိုမို ကောင်းစွာနားလည်နိုင်ရန်အတွက် စွမ်းဆောင်ရည် တည်ဆောက်ခြင်းကို ဆက်လက်လုပ်ကိုင်ရန်အစီအစဉ်များ ရှိပါသည်။