Image: Myanmar embroidery work in Mandalay. Photo by Hayman Oo (New Zero Art Space)
“လက်မှုပညာမှသည် အနုပညာဆီသို့” လူထုအခြေပြု အနုပညာဖွံ့ဖြိုးမှု စီမံချက်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် New Zero Art Space နှင့် ဗြိတိသျှကောင်စီ တို့နှင့်အတူ SDC (Swiss Agency for Development and Cooperation) တို့က ပူးပေါင်း၍ မြန်မာ့လက်မှုကို အနုပညာမြောက် အရည်အသွေးမီ လက်မှုအနုပညာပစ္စည်းများဖြစ်လာစေရန်နှင့် တိုင်းရင်းသားဒေသခြောက်ခုဖြစ်သော ရှမ်း၊ ကချင်၊ မွန်နှင့် ချင်းပြည်နယ်များအပြင် မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသတို့ မှ အိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော လက်မှုပညာသည်များ၏ လူနေမှုဘဝနှင့် လက်မှုလုပ်ငန်းများအတွက် အာမခံချက်ရှိသော ဈေးကွက်များကို ဖွင့်လှစ်ပေးနိုင်ရန် ရည်ရွယ်၍ ဤစီမံချက်ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။
စီမံချက်ကာလအတွင်း အနုပညာဖန်တီးရေး ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်း၊ ဒေသတွင်း လက်မှုပညာရှင်များအကြား ကွန်ယက်တည်ဆောက်ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ပြပွဲများတွင် ဒီဇိုင်းပုံစံသစ် လက်ရာများ ပြသပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရန်ကုန်'လက်မှုအနုပညာပန်းတိုင်သစ်' (Craft Forward) နှစ်ရက်တာ လက်မှုပညာ ညီလာခံကို ၂၀၁၆ခုနှစ် ဇန်ဝါရီလတွင် ကျင်းပခဲ့ပါသည်။ ပြည်တွင်းပြည်ပ ဟောပြောသူ ၁၈ ဦး၊ လက်မှုပညာရှင်၊ ဒီဇိုင်းရေးဆွဲသူ၊ NGO ကိုယ်စားလှယ်၊ အသေးစားလုပ်ငန်းရှင်၊ အစိုးရအရာရှိ၊ သုတေသနပညာရှင်နှင့် စာပေပညာရှင်များ အပါအဝင် ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ပြီး လက်မှုပညာလုပ်ငန်း၏ လက်ရှိအနေအထားနှင့် အနာဂတ် အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။
လက်မှုပညာရှင်တို့၏ ဖန်တီးနိုင်စွမ်း ဖွံ့ဖြိုးစေပြီး၊ လက်မှုလက်ရာများ ရောင်းအားကောင်းလာ စေသည့်အပြင် စီမံချက်အတွင်း ပါဝင်သည့် လက်မှုပညာရှင်များအကြား ကွန်ယက်တစ်ခု တည်ဆောက်ပေးရန်လည်း အထောက်အကူ ပြုခဲ့ပါသည်။