ဗြိတိသျှကောင်စီ၏ အစီအစဉ်ဖြင့် ယူကေနိုင်ငံ Edge Hill University တွင် Writer in Residence အဖြစ် ၂၀၁၇ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် သွားရောက် နေထိုင်ခဲ့သည့် ကဗျာဆရာ မောင်ဒေး အားတွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။ 

Writer in Residency အစီအစဉ်နှင့် စတင်ကျွမ်းဝင်ခြင်း

အင်္ဂလိပ်ကဗျာဆရာ James Byrne နဲ့ထိုင်းနိုင်ငံ NGO တစ်ခုမှာလုပ်စဉ်က ဆုံဖူးပါတယ်။ သူ့ရဲ့မဂ္ဂဇင်းထဲမှာလဲ ကျွန်တော့ကဗျာတွေသုံးဖူးပါတယ်။ ဒီအစီအစဉ်မစခင် ၅ လ၊ ၆ လလောက်မှာ သူက သူစာသင်နေတဲ့ Edge Hill University နဲ့ ဗြိတိသျှကောင်စီတို့ပူးပေါင်းပြီး Writer in Residency အစီအစဉ်တစ်ခုရှိတဲ့အကြောင်းကို စသိဖြစ်တာပါ။ ကျွန်တော်က အင်္ဂလိပ်ကဗျာဆရာတစ်ချို့တွေကို နှစ်သက်ပါတယ်။ ယူကေကိုလဲမရောက်ဘူးသေးတာရယ် ပြီးတော့ဒီမှာ (ရန်ကုန်မှာ) ဆိုစာရေးတယ်၊ အလုပ်များတယ်၊ Residency သွားရင် တွေးဖို့ ရေးဖို့ အချိန်ပိုရတယ်။ ဒီလိုနဲ့ဒီအစီအစဉ်မှာ ပါဖြစ်သွားတာပါ။ 

နိုင်ငံတကာအတွေ့အကြုံ 

နိုင်ငံတကာအနုပညာအတွေ့အကြုံ အနေနဲ့ ၂၀၁၃ မှာ နယ်သာလန်နိုင်ငံကို Extrapool လို့ခေါ်တဲ့အဖွဲ့က Artist-in-Residence အနေနဲ့ဖိတ်လို့ သွားဖူးပါတယ်။ ၂၀၁၅ မှာ Gothe Institute ကအစီအစဉ်နဲ့ ဂျာမနီနိုင်ငံ ဗိုင်မာမြို့မှာလုပ်တဲ့ symposium တစ်ခုကိုလဲ ရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာလုပ်တဲ့ ASEAN Poetry Festival နဲ့ စင်ကာပူမှာလုပ်တဲ့ Singapore Writers Festival ကိုလဲသွားခဲ့ပါတယ်။ 

Residency အတွေ့အကြုံ

Residency သွားပြီးကဗျာရေးရတဲ့ ထူးခြားချက်ကတော့ နေရာ၊ဒေသပြောင်းသွားတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့ ဘေးဖက်ဝန်းကျင်က အရာတွေ၊ နေရာတွေ၊ လူတွေ ဒီလိုတွေနဲ့ ဓာတ်ပြုပြီး ခေါင်းထဲမှာ ရေးစရာ၊ တွေးစရာတွေ ရလာတာပါ။ ယူကေကိုရောက်တော့လည်း သူ့နိုင်ငံနဲ့ ပါတ်သက်ပြီး အများကြီးစဉ်းစားဖြစ်တယ်။ ဥပမာ - Brexit လို ကိစ္စ၊ ကျောင်းသားတွေနဲ့ပြောဆိုရာမှာသိလာတဲ့ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ ဖလှယ်ပြီးရလာတဲ့ အမြင်တွေ။ နောက်ပါတ်ဝန်းကျင် စေ့ဆော်မှုတွေ အသစ်ပါလာတဲ့အတွက် ကဗျာမှာဒါတွေပါလာပါတယ်။ ပြီးရင် residency ရဲ့အစီအစင်တစ်ခုအနေနဲ့ Tate Liverpool ပြတိုက်မှာရှိတဲ့ Tracy Emin နဲ့ William Blake တို့ရဲ့ ပန်းချီကားတွေကို ကြည့်ပြီး တုန့်ပြန်တဲ့အနေနဲ့ ကဗျာရေးရတာလဲ အတွေ့အကြုံအသစ်ပဲဖြစ်ပါတယ်။ အဲဒီကဗျာကိုလဲ အဲဒီပြတိုက်မှာပဲ ပြန်ပြီးဖတ်ခဲ့ပါတယ်။

အသစ်အဆန်း

ဒီလိုမျိုး ပန်းချီကားကိုကြည့်ပြီး ပန်းချီကားအကြောင်းကို သုတေသနလုပ်ပြီး စေ့ဆော်မှုကိုဖန်တီးတာက ကျွန်တော့်အတွက် အသစ်အဆန်းပုံစံဖြစ်ပါတယ်။ ဒါမျိုးကို မြန်မာနိုင်ငံမှာ PEN Myanmar နဲ့ပဲဖြစ်ဖြစ်၊ တစ်ခြားစာပေအဖွဲ့အစည်းတစ်ခုခုနဲ့ပဲဖြစ်ဖြစ် လုပ်နိုင်မယ်လို့ထင်ပါတယ်။ ဥပမာ - အမျိုးသားပြတိုက်က ဦးငွေကိုင်ပန်းချီကားကို ဖြစ်ဖြစ်။ ဦးပေါ်ဦးသက်ပန်းချီကားကိုဖြစ်ဖြစ် ဒါမမဟုတ် မန္တလေးမြို့ကို တစ်ပတ်ပတ်ပြီး အဲဒီအတွေ့အကြုံကို အခြေခံရေးတာပဲဖြစ်ဖြစ် ဒါတွေက စမ်းသပ်လို့ရတဲ့ အနေအထားရှိပါတယ်။ 

ပရိသတ်တုန့်ပြန်မှု

ရောက်ခဲ့တဲ့နေရာတွေက ပရိသတ်တွေအနေနဲ့ မြန်မာကဗျာဆရာတွေကို တော်ရုံတွေ့ဖူးခဲ့ကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါကြောင့် သိချင်စိတ်၊ မေးချင်စိတ်တွေများတာ တွေ့ရပါတယ်။ Edge Hill University မှာ ကျောင်းသား၊ ကျောင်းသူတွေရော ဆရာတွေနဲ့ပါ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလဲ ဒီလိုပဲစိတ်အားထက်သန်တာတွေကို တွေ့ရပါတယ်။ သူတို့ကအာရှက ကဗျာဗေဒဘယ်လိုလဲဆိုတာကို တော်တော်စိတ်ဝင်စားကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေနဲ့ ကဗျာနဲ့ အမြဲလျှက်နွယ်နေတာမျိုးကို သူတို့စိတ်ဝင်စားကြပါတယ်။ 

ဝမ်းမြောက်အားရ

နောက်ထပ်အားရစရာ ဝမ်းမြောက်ဝမ်းသာဖြစ်စရာ အတွေ့အကြုံတစ်ခုက လန်ဒန်က SOAS University of London မှာလုပ်ခဲ့တဲ့ Literary Night အတွေ့အကြုံပဲဖြစ်ပါတယ်။ ဒီပွဲကို SOAS မြန်မာစာဌာနက ဆရာ Justin ကဦးဆောင် စီစဉ်ပေးတာဖြစ်ပါတယ်။ သူ့ကျောင်းသား၊ ကျောင်းသူတွေထဲက မြန်မာဘာသာကိုစိတ်ဝင်စားသူတွေ၊ မြန်မာကဗျာကို လေ့လာနေသူတွေလာကြပါတယ်။ နောက်ပြီး ဆရာမကြီးဒေါ်ဝင်ဒီလောရုံလည်းလာပါတယ်။ တခြားစိတ်ဝင်စားတဲ့သူတော်တော်များများလည်း လာကြပါတယ်။ ကျွန်တော်က ၂၁ ရာစုမြန်မာကဗျာအကြောင်းကိုပြောခဲ့ပါတယ်။ ပြီးတော့ကျွန်တော့ရဲ့ Gasoline ကဗျာစာအုပ်ထဲက ကဗျာ ၄/၅ ပုဒ်ရွတ်ပါတယ်။ အကြောင်းအရာနယ်ပယ်တော်တော်များများက အကြောင်းတွေကို တော်တော်ကိုအားရစရာ ကောင်းလောက်အောင်ဆွေးနွေးဖြစ်ခဲ့တဲ့ နွေးထွေးတဲ့ညလေးဖြစ်ခဲ့ပါတယ်။

"ဖန်တီးရေးသားခြင်း၏ တံခါးပေါက်များနှင့် ဝင်္ကပါလမ်းများ"

ကျွန်တော့အနေနဲ့ အခုမတ်လဆန်းမှာ "ဖန်တီးရေးသားခြင်း၏ တံခါးပေါက်များနှင့် ဝင်္ကပါလမ်းများ" လို့အမည်ပေးထားတဲ့ ဖန်တီးမှုအရေးအသားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဒီပွဲက ဗြိတိသျှကောင်စီနှင့် Pen Myanmar တို့ပူးပေါင်းစီစဉ်တဲ့ပွဲဖြစ်ပါတယ်။ ပြည်တွင်း၊ပြည်ပက စာရေးဆရာတွေရဲ့ အရေးအသားတွေကို လေ့လာဆွေးနွေးပြီး ဆွေးနွေးပွဲကာလတွင်းမှာပဲ အရေးအသားတစ်ခုဖန်တီးပြီး အဲဒီအရေးအသားကို တက်ရောက်လာသူအချင်းချင်း ဆွေးနွေးခဲ့ကြပါတယ်။

ရှေ့အစီအစဉ်များ

ဗြိတိသျှကောင်စီအနေနဲ့ အခုလို residency အစီအစဉ်တွေကို ဆက်လက်ပြီးပံ့ပိုးတာမျိုးတွေ လုပ်သွားသင့်တယ် ထင်ပါတယ်။ ဒီထက်နဲနဲ အချိန်ပိုကြာမယ်ဆိုရင် ပိုကောင်းပါမယ်။ ပြီးတော့လုပ်ပြီးခဲ့တဲ့ Hidden Words, Hidden Worlds အစီအစဉ်နဲ့ ပါတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲလေးတွေ ခပ်စိတ်စိတ်လေးလုပ်သွားနိုင်ရင်လည်း ကောင်းမယ်ထင်ပါတယ်။

ဗြိတိသျှကောင်စီရဲ့ Hidden Words, Hidden Worlds (တိမ်မြှုပ်နေသော စကားလုံးများနှင့် တိမ်မြှုပ်နေသော လောကများ) စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

See also

မျှဝေပါ